-->

Monday, March 17, 2008

မတ်လ (၁၇) ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်ထွက်မိန့်ခွန်း ၆၃နှစ်မြောက် အမှတ်တရ



နေရာ။ ယခုတော်လှန်ရေးပန်းခြံ နေရာ

အချိန်။ မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားပြီးရွှေရည်စိမ် လွတ်လပ်ရေး ပေးကာ မြန်မာ့ သယံဇာတများကို ကျောက်မျက်၊ ကျွန်းသစ်မှ အစ ကြယ်သီး မကျန် သိမ်းယူပြီး ဂျပန်ပြည်သို့ အကုန် တင်ပို့ နေချိန်။ ဖက်ဆစ် စနစ် လက်အောက် အမျိုး၊ ဘာသာ၊ သာသနာ ညှိုးနွမ်းနေချိန်။ ဖက်ဆစ်တို့က ဘုရားပေါ် ဖိနပ်နဲ့တက်၊ သံဃာတော်များ ကိုနားရင်းရိုက် နှိပ်စက်၊ အမျိုးသမီးများကို အဓမ စော်ကား အနိုင်ကျင့်ပြီး အမျိုးသားများကို ပေါ်တာဆွဲ၊ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်နေချိန်။ ဖက်ဆစ်ဂျပန်တို့ ဒဏ်ကို မခံနိုင်ဘဲ ပြန်လည် တော်လှန်ရန် စီစဉ်နေဆဲ အထက် မြန်မာနိုင်ငံတွင် ဗိုလ်မှူး ဗထူးက ဖက်ဆစ်တို့ကိုသာ မက ဖက်ဆစ်တို့နဲ့ အနီးကပ် ဆက်ဆံ နေရသေးသော ဗိုလ်ချုပ်အောင်ဆန်း တို့ကိုပါ တော်လှန်ကြောင်း ကြေညာကာ တော်လှန်ရေး စတင် နေချိန်။


ရဲဘော်တို့

အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာ ပီပီ ဗမာ့သွေးကို ပြကြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံပါ။ အထက်ဗိုလ် များကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော် တို့နဲ့ အတူ ချီတက်မယ်။ ဗမာ့ ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ။ ဒါပဲ။

လေ့လာ တွေ့ရှိချက်။ ဗိုလ်ချုပ်အောင်ဆန်းခေတ်က အခြေအနေနဲ့ လက်ရှိ အခြေအနေများ နှိုင်းယှဉ်ချက်

(၁) ဗိုလ်ချုပ် အောင်ဆန်းရဲ့ စစ်သား စုဆောင်းပုံ မက်လုံးများ (ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင် ရမယ်တဲ့။ ရာထူးရမယ်… အခွင့်အရေးနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် ရမယ် လို့ လုံးဝ မပါဘဲ လက်ရှိ ပြည်တွင်းက အခြေအနေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။)
(၂) အထက်ဗိုလ်များကလဲ သာတူ ညီမျှ ရဲဘော်စိတ် ထားပါ။ (DSA နဲ့ DSTA တွင် အထက် စီနီယာ ကျောင်းသား များက ဂျူနီယာ ကျောင်းသားများကို ငွေဝယ်ကျွန်လို ချိုးနှိမ်ကာ အာဏာရှင်စနစ် ထူထောင် နေမှု၊ ကြီးနိုင် ငယ်ညှင်း ဆက်ဆံမှု၊ တပ်များတွင် ရိကာ ထောက်ပို့မှ ဖြတ်စား သောကြောင့် ကျောင်းသားများ အစာရေစာ မ၀၊ ကြောင်မစားငါး၊ ပိုက်လုံးကြော်နဲ့ မှန်ရောင်ဟင်းချိုကိုသာ စားသောက်ရမှု)
(၃) ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့ အတူ ချီတက်မယ် (ဘယ်လို ဗိုလ်ချုပ်မှ လက်ရှိ အချိန်တွင် ရဲဘော်နဲ့ အတူ မချီတက်ပါ)
(၄) ဗမာ့ ရန်သူကို ချေမှုန်းကြ ( လက်ရှိ အချိန်မှာ ကိုယ့်အာဏာ တည်မြဲရေး အတွက် ထိုင်ခုံကို လှုပ်လောက် ချေရှိသော တိုင်းရင်းသားနဲ့ မြန်မာ ပြည်သူများအား သံဃာတော် မချန် ရက်ရက်စက်စက် ချေမှုန်းပါသည်။)
(၅) အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ။
( သည်စကားလုံး ကို သဘော အကျဆုံးပါ။ အဲဒီ အချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ရင်ဆိုင်နေရတာ အင်္ဂလိပ် ရော ဖက်ဆစ် အာဏာရှင် ရောအပြင် ဗိုလ်ချုပ်အောင်ဆန်းကိုပါ တော်လှန်ပါတယ် ဆိုတဲ့ ဗိုလ်မှူး ဗထူးရဲ့ တပ်ပါ ရှိနေပါသည်။ အကြိုက်ဆုံး အကွက် ကတော့ ဗိုလ်မှူးဗထူးဟာလဲ သူက အင်္ဂလိပ် မဟာမိတ် တပ်နဲ့ ပေါင်းပြီး ဂျပန်ကို တော်လှန်ပါပြီလို့ ကြေညာရင် ဖက်ဆစ် တပ်တွေ ၀န်းရံထားတာ ခံနေရဆဲ ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ဂျပန်တွေက လွယ်လွယ်လေး ဒုက ပေးနိုင်ပါတယ်။ ဗိုလ်မှူး ဗထူးက ဗိုလ်ချုပ် အောင်ဆန်း ကိုပါ တော်လှန်တယ်လို့ ကြေညာတဲ့ အတွက် ဗိုလ်ချုပ် အောင်ဆန်း က သူပုန် ဗိုလ်မှူး ဗထူး တပ်ကို နှိမ်နင်း ဖို့ ဂျပန်က ခွင့်ပြု ခဲ့ရ ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်စွာ တပ်ကို ပြင်ခွင့် ရရုံ မက ဒီ တပ်ထွက်မိန့်ခွန်းကို ဂျပန်တွေရှေ့မှာ ပြောနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ် အောင်ဆန်းဟာ ဗိုလ်မှူး ဗထူး တပ်နဲ့ ပေါင်းပြီး ဖက်ဆစ် အာဏာရှင် တွေကို အောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ ပါတယ်။ တကယ် လို့သာ ဗိုလ်ချုပ် အောင်ဆန်းဟာ တကိုယ်ကောင်းဆန် အာဏာရှင် ဆန်ပြီး ဖက်ဆစ် လက်ဝေခံ ဘုရင်ခံ အဖြစ် နေခဲ့ပြီး ကိုယ့်အာဏာ တည်မြဲရေး အတွက် စဉ်းစားခဲ့ပြီး ဗိုလ်မှူး ဗထူးရဲ့ တပ်ကို ပြန်တိုက်ခဲ့ရင် ဗမာချင်း ပြန်သတ်လို့ တိုင်းပြည်နာပြီး မြန်မာနိုင်ငံလဲ လွတ်လပ်ရေး ရမှာ မဟုတ်ပါဘူး။ ဗိုလ်မှူး ဗထူးကလဲ ဗိုလ်ချုပ် အောင်ဆန်း တပ်ထွက် လာချိန်မှာ ငါ့ကို လာနှိမ်နင်းတယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းကို တိုက်ရင် ဗမာချင်း သတ်ပွဲ တိုက်ပွဲ ကြားမှာ တိုင်းပြည်လဲ နာလန် ထူမှာ မဟုတ်ပါဘူး။ ဆရာ တပည့်ချင်း နားလည်မှု ယုံကြည်မှု နဲ့ ရဲဘော် ရဲဘက် စိတ် ရှိစွာ တိုင်းပြည် အပေါ် သစာ ရှိမှုကြောင့် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရခဲ့ခြင်း ဖြစ်ပါ တယ်။ ဒီတပ်ထွက် မိန့်ခွန်းဟာ အဲလောက် လေးနက် ပါတယ်။ သာမန် နားလည်မှု ယုံကြည်မှု လောက်နဲ့ ပြောခဲ့တာ မဟုတ်ဘဲ ဆရာ တပည့်ချင်း အထာပေး ထားတဲ့ (ဗမာ့ ရန်သူကို ချေမှုန်းကြ၊ အနီးကပ် ဆုံး ရန်သူကို ရှာပြီး တိုက်ကြ) ဆိုတဲ့ စကားလေးက အလေးနက် ဆုံးပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲက ဗမာ အချင်းချင်း သွေးစည်း ညီညွတ်ဖို့ ပြောသမျှ မိန့်ခွန်းတွေထဲ ဒီ တပ်ထွက် မိန့်ခွန်းကို အကြိုက်ဆုံး ပါပဲရှင်။ နောက်ပြီး ပေးထားတဲ့ ကတိ အတိုင်း ဗိုလ်ချုပ် ကိုယ်တိုင် ရဲဘော်များနဲ့ အတူ ဖက်ဆစ်နဲ့ အင်္ဂလိပ်ကို အသက်ပေး တိုက်ခိုက်ပြီး မြန်မာနိုင်ငံသားများ သူ့ကျွန် လက်အောက်က လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ပါတယ်။

ခုလက်ရှိ အခြေအနေက သားပေး သမီးယူ အမျိုးတော် ထားခြင်းများ၊ တစ်ယောက်ရဲ့ အပြစ်နဲ့ အားနည်း ချက် များကို တစ်ယောက်က ကိုင်ကာ အချင်းချင်း အပြိုင် စောင့်ကြည့်ခြင်း၊ မင်းလဲ မဖော်နဲ့ ငါလဲ မဖော်ဘူး ဆိုသော သဘော တူညီ ချက်များနဲ့ တိုင်းပြည်ရဲ့ သယံဇာတ များကို လက်ဝါးကြီးအုပ် ဝေမျှ ခွဲယူကာ ကိုယ်ကျိုး ရှာရင်း သွေးစည်း ညီညွတ် နေခြင်း၊ မြန်မာ နိုင်ငံသားများ စီးပွားရေး လုပ်ပိုင်ခွင့် မရဘဲ သူတို့နဲ့ ပလဲ နံပ သင့်သော နိုင်ငံခြားသား များကိုသာ လုပ်ပိုင်ခွင့် ပေးသောကြောင့် လည်းကောင်း၊ ဖိနှိပ် ညှင်းပန်း နှိပ်စက် မှုများနဲ့ အဓမ လုပ်အားပေး ခိုင်းစေမှု၊ အဓမ ထောက်ခံပွဲများကြောင့် မြန်မာ များမှာ ပြည်တွင်း မှာရော ပြည်ပ မှာပါ သူ့ကျွန် လက်အောက် ရောက်နေရခြင်း)

မှတ်ချက်။ ယနေ့ မြန်မာ့ တပ်မတော်ကို ထိခိုက် စော်ကား လိုစိတ် လုံးဝ မရှိဘဲ အောက်ခြေ စစ်သားနဲ့ အရာရှိ ငယ်တို့ရဲ့ ရင်ဖွင့်ချက်ကို အပို အလို မရှိ ထင်ဟပ် တင်ပြ ပါသည်။ မြန်မာ့ တပ်မတော် ကြီးကို ပြည်သူ့ တပ်မတော် စစ်စစ် အဖြစ် ပြည်သူများက စိတ် စေတနာ အစစ်ဖြင့် အောင်သပြေခက်နဲ့ လှိုက်လှိုက် လှဲလှဲ ကြိုဆိုတာ ခံခဲ့ရ ဖူးသော ပြည်သူ့ တပ်မတော် စစ်စစ် ပြန်ဖြစ် စေချင်သော စိတ်စေတနာဖြင့် ရေးသား တင်ပြ အပ်ပါသည်။


ဆက်လက်ဖတ်ရှုရန် ...

Wednesday, February 13, 2008

အဖေဗိုလ်အောင်ဆန်းမှ သမီးအောင်ဆန်းအထိ


ရေးသားပေးပို့သူ - ဒေါင်းမာန်ဟုန်

၂၀၀၆ ခုနှစ်၊ ဇန်န၀ါရီလ(၁၅)ရက်နေ့ (တနင်္ဂနွေနေ့) က အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်ရှိ မြန်မာ စစ်အခွန်ရုံးရှေ့၌ ၀ိုင်းမော်မြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးအောင်ဇော်ဦး၏ အဖေဗိုလ်အောင်ဆန်းမှ သမီးအောင်ဆန်းအထိ ဆုံတွေ့ခဲ့ရသော၎င်း၏ အတွေ့အကြုံပြောပြချက်များကို
ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် ပြန်လည်တင်ပြလိုက်ပါသည်။

မေး။ ။ ပထမဦးဆုံးအနေနှင့် ဒူးဝါးဘာကြောင့်မြန်မာပြည်ကထွက်ခွာခဲ့ပါသလဲ.....?

ဒူး။ ။ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် ကချင်ပြည်နယ်လာတုံးကလည်း ကျွန်တော့်အိမ်မှာ ကြိုဆိုပါတယ်။ ၂၀၀၃ခုနှစ်။ဒုတိယအကြိမ်လာတော့လည်း
ကျွန်တော့်အိမ်မှာပဲကြိုဆိုပါတယ်။ ၂၀၀၃ခုနှစ်။ ဒုတိယကြိမ်လာတော့လည်ွးန်တော့်အိမ်မှာပဲ ကြိုဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်ကဆင်းသွားပြီး မေ(၃၀) ရက်နေ့မှာ ဒီပဲယင်းပြဿနာဖြစ်တယ်။ ၃၁ ရက်နေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ NLD`ရုံးခန်းတွေပိတ်သွားတယ်။ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်
ဖမ်းသွားတယ်ဆိုတော့ ကျွန်တော်က ဘာမှပြောစရာမလိုတော့ ဇွန်လ (၁)ရက်နေ့၊ ညသန်းခေါင်မှာ ထွက်လာခဲ့တယ်။ အရင်တုန်းကထောင်ကြွေးလည်း ၁၈နှစ်၊ နှစ်(၂၀)ရှိသေးတော့ ထောင်ထဲမှာတော့ အသေမခံနိုင်ဘူး၊ ကျွန်တော့်ပြည်သူလူထုအတွက် ဖြစ်နိုင်တဲ့နည်းနဲ့ အပြင်မှာလုပ်မယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။

မေး။ ။ ဒူးဝါးအနေနဲ့ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ပြောပြပေးနိုင်မလား.....?

ဒူး။ ။ ပင်လုံညီလာခံနဲ့ ပတ်သတ်ပြီးပြောရရင် အဲဒီအချိန်က ကျွန်တော်ကိုယ်စားလှယ်တော့ မဟုတ်ဘူး၊ ၁၃-၁၄နှစ်သားအရွယ် နိုင်ငံရေးကို
စိတ်ဝင်စားလို့သွားခဲ့တယ်။

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလမှာ ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်ကိုရောက်လာတယ်။ အဲဒီအခါမှာဖိတ်တယ်။ မကြာခင်မှာ ပင်လုံညီလာခံကျင်းပမယ်။ တိုင်းရင်းသားတွေတက်ညီလက်ညီတက်ကြပါ။ ဆိုတော့ ကျွန်တော်တို့ ၀မ်းပန်းတသာ ပင်လုံတက်ခဲ့တယ်။ တိုတိုပြောရရင် ဖေဖော်ဝါရီလ (၆)ရက်နေ့။ ညနေ (၂)နာရီမှာ ရှမ်းကိုယ်စားလှယ်တွေနဲ့ ကချင်ကိုယ်စားလှယ်တွေအစည်းအဝေးလုပ်ရပါတယ်။ အချက် (၅)ချက်ဆွေးနွေးတယ်။ (၇)ရက်နေ့မှာ ချင်းကိုယ်စားလှယ် (၃)ဦး ရောက်လာခဲ့တယ်။ သူတို့လဲသဘောတူတယ်။ (၈)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရောက်လာတယ်။ တောင်တန်းသားများရဲ့ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကိုတင်ပြတယ်။ ဗိုလ်ချုပ်လည်း အင်မတန်စိတ်ဝင်စားစွာကြည့်ရူပြီး အနည်းငယ်လိုအပ်တာကို ညှိနှိုင်းဆွေးနွေးတယ်။ (၁၀)ရက်နေ့ နံနက်
(၉)နာရီလောက်ကစပြီးတော့ ပင်လုံညီလာခံတယ်။ ဗိုလ်ချုပ်က အဖွင့်အမှာစကားပြောပါတယ်။ အခုလို တောင်တန်းသား သွေးချင်းသားချင်းညီအကိုများနဲ့ နိုင်ငံအကျိုး တိုင်းပြည်အကျိုးဆောင်ရွတ်ရတဲ့အတွက် ၀မ်းသာပါတယ်တဲ့။ ကျွန်တော်တို့ ဗမာတွေက အင်္ဂလိပ်ကျွန် တရက်မှ မဖြစ်ချင်တော့ဘူး။ ခင်ဗျားတို့တောင်တန်းသားများလဲပဲ အင်္ဂလိပ်ရဲ့ကျွန်ဖြစ်နေတာကို မကြည့်ရက်တော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရေထဲသောက်၊ တစ်မြေထဲပေါက်တဲ့သွေးချင်းသားချင်းတွေဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားတို့က ကျွန်ဖြစ်နေတယ်။ ကျွန်တော်တို့ချည်းပဲ လွတ်မြောက်ဆိုရင်လည်း မကောင်းဘူးတဲ့။ အားလုံးလွတ်မြောက်ဖို့ပဲ ဆနွရှိပါတယ်တဲ့။

တကယ်လို့မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အခါ တောင်တန်းသားတွေဟာ ဗမာရဲ့ ကျွန်ဘယ်တော့မှမဖြစ်ရပါဘူး။ အားလုံးတန်းတူ မရှိမတူ ရှိအတူပဲ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါဗိုလ်ချုပ်ရဲ့ ပဋိညာဉ်ပဲ။

နောက်ပြီးတော့ တောင်တန်းသားတွေရဲ့ တောင်းဆိုချက် ၅ ချက်ဆိုတဲ့ အချက်များခွဲထွက်ရေးကိစ္စပါတယ်။ ခွဲထွက်ရေးဆိုတာက တကယ်လို့လိုအပ်ရင်ပေါ့လေ၊ အဲဒါကို ဗိုလ်ချုပ်ကပြောတယ်။ ခွဲထွက်ရေးဆိုတာ တိုင်းရင်းသားလူနည်းစုရဲ့ ဆနွဖြစ်ပါတယ်။ အဲဒါကိုလဲကျွန်တော်တို့က ပစ်ပယ်လို့မဖြစ်ဘူး။၊ စဉ်းစားရမယ့့် ကိစ္စဖြစ်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ဗမာတွေက လူအများစုဖြစ်တဲ့အတွက်ကြောင့် သဘောထားအကြီးဆုံး စိတ်အရှည်ဆုံး သည်းအခံနိုင်ဆုံးလူတွေဖြစ်ပါတယ်တဲ့။

ကျွန်တော်တို့က တောင်တန်းညီအစ်ကိုတွေအားလုံးက ဗိုလ်ချုပ်ရဲ့ သဘောထားကို အင်မတန်မှ တန်ဖိုးထားတယ်။

"ပင်လုံသဘောတူညီချက်ဟာ စာရွက်မှာရေးထားခြင်းမဟုတ်ဘဲ အသည်းနှလုံးထဲမှာသံမှိုနှက်တဲ့ပမာ ရေးထားရမယ်...." လို့ ဗိုလ်ချုပ်ကပြောပါတယ်။

တိုင်းရင်းသားတွေအားလုံးက ဗိုလ်ချုပ်ရဲ့မိန့်ခွန်းကို ယုံကြည်ပြီးတော့ (၁) ကနေ(၉)ချက်ပါတဲ့အချက်ကို အတူ လက်မှတ်ရေးထိုးကြပါတယ်။

အချက်နံပါတ် (၆)မှာ ကချင်တွေဟာ တကယ်လို့ လွတ်လပ်ရေးရလာတဲ့အခါမှာ ကချင်သီးခြားလွတ်မြောက်ရေးနိုင်ငံ တည်ထောင်လိုပါတယ်လို့ ဆိုတဲ့အခါမှာ
ဗိုလ်ချုပ်လည်းပဲ အဲဒီကိစ္စက အမှန်မှာ လွှတ်တော်မှာ ဆွေးနွေးရမယ့့် ကိစ္စဖြစ်ပေမယ့် အခုလည်း ဆွေးနွေးဖို့မမေ့သင့်ဘူး...ဆိုပြီးတော့…အခုလည်း ပင်လုံညီလာခံအချက်တွေထဲမှာလေ့လာကြည့်ပါ။ ဒါက ဗိုလ်ချုပ်က တိုင်းရင်းသားအားလုံးအပေါ်မှာ စိတ်ကောင်းစေတနာကောင်းထားတဲ့သဘောပဲ။
မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်ပြောတာက ခွဲထွက်ရေးကိစ္စက သူ့လည်ပင်း ညှစ်ရင်တော့ ရုန်းထွက်မှာဘဲ။ မညှစ်ရင်တော့ မရုန်းဘူးတဲ့။ ဒါကြောင့် ကျွန်တော်တို့ပြည်ထောင်စုဆိုတာ အားလုံးတက်ညီလက်ညီဆိုရင်တော့ဘာမှ ပြဿနာမရှိဘူးတဲ့။ အဲ- ဥာဏ်နီဥာဏ်နက်နဲ့ မဟုတ်တာတွေလုပ်ပြီး
သူ့လည်ပင်းမညှစ်နဲ့ပေါ့တဲ့။ အဆိုက အဲဒီလို အားလုံးချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ အိမ်ထောင်ကမခွဲထွက်ချင်အောင် မေတ္တာစေတနာပြပြီးတော့ ပြည်ထောင်စုအကျိုးကို အတူလက်တွဲပြီးတော့ သွားရမယ်လို့ပြောတယ်။

မကြာခင်မှာဘဲ ၁၉၄၇ခုနှစ်။ အခြေခံဥပဒေပေါ်လာပြီးတော့ အဲဒီထဲကရေးခဲ့တဲ့ အခြေခံဥပဒေဟာ ၁၉၄၈ခုနှစ်။ လွတ်လပ်ရေးရပြီးတော့ (၁၀) နှစ်ကျော်သုံးခဲ့တဲ့
အခြေခံဥပဒေဖြစ်တယ်။ အဲဒါကို ဗိုလ်နေ၀င်းတက်လာပြီးတော့ ပြည်သူ့ဆန္ဒမပါဘဲ သူသွားတဲ့အခါမှာ လမ်းမှာ သစ်တုံးတွေ သစ်ငုတ်တွေရှိတဲ့သဘောနဲ့ အခြေခံဥပဒေ ၄၇ ကို ဖျက်ပြီးတော့ လုပ်ချင်တာလုပ်တာ။ မရှိတာမဟုတ်ဘူးရှိပါတယ်။ အခု နအဖက အခြေခံဥပဒေရေးဆွဲတာ ကြာလာပြီ။ ဗိုလ်ချုပ်အောင်ဆန်းက ၃ရက်နဲ့ ခိုင်မြဲတဲ့ အခြေခံဥပဒေဘဲ၊ ပြင်ဆင်ပြီးသုံးသင့်ပါတယ်။ အဲဒီလို မပြင်ဆင်ဘဲ အားလုံးဖျက်လိုက်တယ်။ ဘယ်ဟာကောင်းမလဲ။ ကျွန်တော်တို့နိုင်ငံက
အဲဒီလိုဖြစ်နေတာ။ ပင်လုံအတွေ့အကြုံက ဒီလောက်ပါပဲ။

မေး။ ။ဒူးဝါးအနေနဲ့ NLDပါတီ ပေါ်ပေါက်လာပြီး ၀ိုင်းမော်မြို့နယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး
ဒီမိုကရေစီအရေးဆောင်ရွတ်ရာမှာ တိုင်းရင်းသားတွေအရေး ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေးတွေ ပြောပြချင်တာရှိပါသလဲ။

ဒူး။ ။ ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ မဆလပြုတ်သွားပြီး ပါတီစုံထောင်နိုင်တယ်။ ကျွန်တော် ရှစ်လေးလုံးမှာလည်း
မီးကုန်ယမ်းကုန်လှုပ်ရှားတယ်။ လမ်းပေါ်မှာ ပြည်သူလူထု ရဟန်းရှင်လူကျောင်းသားတွေကို သတ်ဖြတ်တယ်။ စိတ်မချမ်းမြေ့တဲ့အတွက် တော်လှန်တယ်။ ဒေါ်စုကို ၁၉၈၉ ဇန်န၀ါရီလမှာ ရန်ကုန်မှာ သွားတွေ့ပြီး အကျိုးအကြောင်းပြောပြတယ်။ အဖေလက်ထက်ကလည်း ဒီလိုဒီလိုပဲဆိုတော့ ကချင်ပြည်နယ်မှာ စည်းရုံးရေးတာဝန်ယူပါဆိုပြီးတော့ ကျွန်တော့်ဓာတ်ပုံပေါ်မှာ ဒေါ်စုကိုယ်တိုင် လတ်မှတ်ထိုးပေးလိုက်တယ်။ ဒါနဲ့ ကျွန်တော် ကချင်ပြည်နယ်မှာ အရှေ့အနောက်တောင်မြောက် ဒီမိုကရေစီအရေးသွားပါတယ်။ မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်လာတော့ ကချင် လူထုတစ်သောင်းကျော်
သိုက်သိုက်မြိုက်မြိုက် ၀မ်းပန်းတသာ ကြိုဆိုခဲ့တယ်။

ပထမအကြီးဆုံးက ဘုရားကျောင်းမှာ၊ ဒုတိယအကြီးဆုံးက ကျွန်တော့်အိမ်မှာလို့ပြောရင် မှားမယ်လို့ မထင်ဘူး။ သူ့ကိုလဲ "မရမ်နန်အောင်ဆန်း" ဆိုပြီးတော့ ကချင်နံမည် မှည့်ပါတယ်။

ဒေါ်စုကလည်း တိုင်းရင်းသားများနဲ့တွေ့တဲ့အတွက် ၀မ်းသာတယ်။ ကချင်နံမည် ကင်ပွန်းတပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။

"ကျမကလည်း တိုင်းရင်းသားအားလုံးအပေါ်မှာ သွေးချင်းသားချင်းညီအကိုအရင်းချာလိုပဲ အမြဲတမ်းသဘောထားပါတယ်။ လွတ်လပ်ရေးတော့ရပြီ၊ ဒီမိုကရေစီမရသေးဘူး၊ ဒီတော့ ဒီမိုကရေစီရအောင် တနိုင်ငံလုံး တပြည်လုံး တက်ညီလက်ညီ ကြိုးစားကြရမယ်" ဆိုပြီးတော့ မိန့်ခွန်းပြောပါတယ်။

မေး။ ။ ဒူးဝါးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း ဆုံတွေ့ခဲ့ရတယ်၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တိုင်းပြည်အကျိုး အတူတကွ
ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ဘယ်လိုများ စိတ်ခံစားမှု ရှိခဲ့ပါသလဲ...?

ဒူး။ ။ ကျွန်တော့်အိမ်မှာ ဆုံတွေ့တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံတွေ့ခဲ့တဲ့ ရှေ့မှီ နောက်မှီ ဒူးဝါးများလည်း ရောက်လာပြီး
ကျွန်တော်တို့ကပြောတယ်။ ဗိုလ်ချုပ်နဲ့လည်း နဖူးတွေ့ ဒူးတွေ့ နိုင်ငံအကျိုးဆောင်ရွတ်ခဲ့တယ်။ ဗိုလ်ချုပ်မျက်နှာကွယ်သွားတာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ ရင်သွေးသမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်တွေ့တဲ့အခါ ဗိုလ်ချုပ်နဲ့ပြန်တွေ့သလိုပဲ ခံစားရပါတယ်လို့ ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လိမ္မာတယ်။ ကျမတို့လည်း ဒူးဝါးကြီးတို့ခံစားသလိုဘဲတဲ့။ အဖေနဲ့အတူ တိုင်းပြည်အကျိုးဆောင်ရွက်ခဲ့တဲ့ ဒူးဝါးတို့နဲ့ပြန်တွေ့ရတာ အဖေနဲ့ပြန်တွေ့ရသလိုဘဲ ခံစားရပါတယ်လို့ပြောပါတယ်။

ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား တောင်တန်းသားတွေအပေါ်မှာ မေတ္တာစေတနာနဲ့ ပြောခဲ့တဲ့အတွက် သူ့သမီးရင်သွေးလည်းပဲ အဖေတစ်ကျပ်လုပ်ရင် သမီးလဲ တစ်ကျပ်ထက်မလျှော့တဲ့ တတ်နိုင်တဲ့နည်းနဲ့ တိုင်းပြည်အကျိုးကို ရိုးရိုးသားသား ဆောင်ရွတ်မှာဘဲလို့ တစ်ထစ်ချခံစားယုံကြည်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်အောင်ဆန်းကလည်း တိုင်းရင်းသားတွေအပေါ်မှာ တန်းတူဆက်ဆံပြီး စည်းလုံးညီညွတ်စွာ တိုင်းပြည်အကျိုးဆောင်ရွတ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တစ်သဘောတည်း ခံယူထားတဲ့အချိန်မှာ လက်ရှိတိုင်းပြည်ကို မတရားအာဏာယူထားတဲ့ စစ်အာဏာပိုင်တွေက
တိုင်းရင်းသားတွေရော ပြည်သူလူထုကိုပါ နှိပ်စက်သတ်ဖြတ်ပြီး သူတို့အာဏာဆက်ပြီး မြဲဖို့အတွက် လုပ်ဆောင်နေတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဒူး။ ။ အဲဒါ သူတို့မှားတာဘဲ။ တပ်မတော်က မိုးပေါ်ကကျလာတဲ့ တပ်မတော်မဟုတ်ဘူး။ ပြည်သူကမွေးဖွားတဲ့ တပ်မတော်ဖြစ်တဲ့အတွက်ပြည်သူအကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူ့အသက်အိုးအိမ်ကာကွယ်ဖို့ ပေးထားတဲ့လက်နက်နဲ့ တိုင်းရင်းပြည်သူတွေကိုသတ်ဖြတ် အဲဒီလိုလုပ်တာတော့ မတရားဘူးပေါ့လေ။ လူသတ်ဝါဒဟာမအောင်မြင်ဘူး။နာဇီ ဟစ်တလာက
ကမ္ဘာမှာသန်းနဲ့ချီတဲ့လုတွေကိုသတ်ခဲ့တာ နောက်ဆုံးမှာ ထွက်ပြေးရတယ်။ ကိုယ့်ကိုကိုယ်သတ်သေရတယ်။ လူသတ်ဝါဒကို ဆက်သုံးရင်တောသူတို့လဲ
သမိုင်းအရဒီလိုဖြစ်လာမှာပဲ။

ကျွန်တော်တို့တိုင်းပြည်မှာ မတရားဖိနှိပ်ချုပ်ချယ်မှုတွေ မပြောင်းလဲရင် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ဟာ နေလိုလလို မထွန်းပြောင်ဘဲ မကျည်းရွက်လောက်မရှိတဲ့ မျက်နှာငယ်ရတဲ့ ကျွန်တော်တို့လူမျိုးဖြစ်သွားမယ့့် အတွက်ကြောင့် ရေတွေပြန်မကျခင်မှာ အမြန်ဆုံးကမ်းနားဖို့ရာအတွက် တိုင်းပြည်အကျိုးကိုပဲ ကြည့်ပြီးတော့ ပြောင်းလဲပါလို့ နအဖ ကို ကျွန်တော်တိုက်တွန်းလိုပါတယ်။ ။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ထောင်စုနေ့မှာ...




(ကလိုစေးထူး)

`ဒို့ပြည်ထောင်စု အလံတော်သည် ~~~ တလူလူ လွှင့်လို့ ချီလာပြီ ~~~ ပြည်သူအပေါင်းတို့ ပျော်ရွှင်သည် ~~~ အလေးပြု အလေးပြုကြပါမည်´

ကျနော်တို့ အသက် ခပ်ငယ်ငယ်တုန်းကတော့ ပြည်ထောင်စုနေ့ အချိန်အခါ နီးပြီလားဆိုရင် အဲဒီ သီချင်းလေးကို ရေဒီယိုကနေ မကြာခဏဆိုသလို လွှင့်လေ့ရှိပါတယ်။

ပြည်ထောင်စုနေ့ကို ရောက်ဖို့ နီးကပ်လာပြီဆိုရင် ရန်ကုန်မြို့တော်ခန်းမမှာ တနှစ်တာ နားနေခဲ့တဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည်အနှံ့ ပြည်နယ်နဲ့ တိုင်းအလိုက် သယ်ဆောင်ပြီးတော့ ပြည်ထောင်စု အလံရောက်ရှိ ညအိပ်ရပ်နားရာ မြို့တွေမှာ ပြည်ထောင်စုနေ့ ပြပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ရန်ကုန်မြို့တောင် ကျိုက္ကဆံကွင်းမှာ ဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အလိုက်၊ ၀န်ကြီးဌာနအလိုက် ပြည်ထောင်စုနေ့ ပြခန်းတွေကို ပြသလေ့ ရှိခဲ့ပါတယ်။

***

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ မရောက်မီမှာ ပြည်ထောင်စုနေနဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးတွေကို လေ့လာဖို့အတွက် လက်ရှိ မြန်မာအာဏာပိုင်တွေက ထိန်းချုပ်ထားတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ဖတ်ရှုဖြစ်ခဲ့ပါတယ်။

စိတ်ပျက်စရာကောင်းတာကတော့ `ပြည်ထောင်စုနေ့ အကြို´ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာ၊ ဆောင်းပါး၊ သတင်း အစ ရှိတာတွေရဲ့ အောက်မှာ လက်ရှိအုပ်ချုပ်သူတွေ လက်ထက်မှာကျမှ ကျနော်တို့ ရွှေပြည်ကြီး အလွန့်အလွန် တိုးတက်နေပါတယ် ဆိုတာကိုပဲ ကြံဖန်ဖော်ပြထားတာပါပဲ။ ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ပြည်ထောင်စုနေ့ စိတ်ဓာတ်ကို ဘယ်လိုထိန်းသိမ်း ဖော်ဆောင်သင့်တယ်ဆိုတာကို အသားပေး မဖော်ပြဘဲနဲ့ ကြွားလုံးတွေကိုသာ `ပြည်ထောင်စုနေ့ အကြို´ လို့ ခေါင်းစဉ်တပ်တပ်ပြီး ဖော်ပြနေတာဟာ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းပါတယ်။

အဲဒါတွေ အပြင် ၀မ်းနည်းစရာ ကောင်းတာ တခုကတော့ လှိုင်အောင်နဲ့ ငါးမင်းဆွေ အမည်ခံ တို့ ရေးသားကြတဲ့ `ပြည်ထောင်စုနေ့ အကြို ဂုဏ်ပြုဆောင်းပါး´ လို့ အမည်ခံ ဆောင်းပါးတွေမှာ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာရခြင်းအကြောင်း တခုတလေမှ ဖော်ပြထားခြင်း မရှိတဲ့အပြင် `ဗိုလ်ချုပ်အောင်ဆန်း´ ဆိုတဲ့ အမည်နာမကိုတောင် တမင်ရှောင်ဖယ် ရေးလေရော့သလား ထင်ရလောက်အောင် တလုံးတပါဒမှ ထည့်သွင်းရေးသားခြင်း မရှိတာကို သတိထားမိပါတယ်။

***

လွန်ခဲ့တဲ့ ၆၁ နှစ် ကျော် အချိန်တုန်းကတော့ ဗမာပြည်မနဲ့ နယ်စပ်ဒေသတွေကို နိုင်ငံရေး အရဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း မရှိနိုင်အောင် နယ်ချဲ့အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။ နယ်စပ်ဒေသ လူမျိုးများနဲ့ ဗမာလူမျိုးများ အကြား သွေးကွဲစေဖို့ နည်းမျိုးစုံနဲ့ ခြေထိုးခဲ့ပါတယ်။

ဒါကြောင့်ပဲ အမျှော်အမြင် ကြီးမားလှတဲ့ ရှမ်းပြည်စော်ဘွားတွေဟာ နယ်စပ်ဒေသခေါင်းဆောင်များနဲ့ ဗမာပြည်မ ခေါင်းဆောင်များ ရှမ်းပြည်တနေရာမှာ တွေ့ဆုံပြီး နှီးနှောဖလှယ်ဖို့ စီမံခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ် ပထမပင်လုံ ညီလာခံကြီး ပေါက်ဖွားလာခဲ့ပါတယ်။ ပထမ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များအား ဖိတ်ကြားခြင်းကို ရှမ်းပြည်က မျက်နှာဖြူ အရာရှိတွေက တားဆီးပိတ်ပင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။

ပထမ ပင်လုံညီလာခံကနေ အစပြုပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သဘောတရားများဟာ စတင် အမြစ်တွယ်ခဲ့ပါတယ်။ နယ်စပ်ဒေသ ခေါင်းဆောင်များ ညီညွတ်စွာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီကမှ တဆင့် ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ်၊ ဖော်ဖော်ဝါရလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပတဲ့ ဒုတိယ ပင်လုံညီလာခံမှာ တော့ နယ်စပ်ဒေသ ခေါင်းဆောင်တွေဟာ အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်သို့ တက်ရောက်ဖို့ တညီတညွှတ်တည်း သဘောတူခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များနဲ့ နယ်စပ်ဒေသ ကိုယ်စားလှယ်များဟာ သမိုင်းဝင် `ပင်လုံစာချုပ်´ ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ကို `ပြည်ထောင်စုနေ့´ ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ `ပြည်ထောင်စုနေ့´ ရဲ့ သရုပ်ဟာ ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး (ပင်လုံ စိတ်ဓတ်)ပါပဲ။ ဒါကြောင့်လဲပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ ကိုလိုနီနိုင်ငံဘ၀ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ တဦးပေါ် တဦး အပြန်အလှန် ယုံကြည်လေးစားမှုတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို ကျင့်သုံးပြီး ပြည်ထောင်စုသား အားလုံး တစည်းတလုံးတည်း ဖြစ်စေရေးကို အောင်အောင်မြင်မြင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ ပြည်ထောင်စုနေ့ကို ရောက်တိုင်းမှာ ကျနော်တို့ နောင်မျိုးဆက်သစ်တွေနဲ့ တကွ ခေါင်းဆောင် ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်များအနေနဲ့လည်း ပင်လုံစိတ်ဓာတ်ကို လက်ဆင့်ကမ်း ကိုင်စွဲထားဖို့ လိုအပ်ပါတယ်။

***

ဒီကနေ့ခေတ် ပြည်ထောင်စုနေ့တွေမှာ ပြည်ထောင်စု အလံ နိုင်ငံအနှံ့ လှည့်လှည်ပြီး အလေးပြုခံတဲ့ အစီအစဉ် မရှိတော့ဘူး။ ကိစ္စမရှိပါဘူး။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲခန်းမတွေ အရင်လို မလုပ်တော့ဘူး။ ဒါလဲ ပြဿနာ မရှိသေးပါဘူး။ ဒါပေမယ့် ပြည်ထောင်စုနေ့ ဆိုတာ ဘာလဲ၊ ပြည်ထောင်စုနေ့ ဘာကြောင့် ပေါ်ပေါက်လာလဲ၊ အဲဒီနေ့မှာ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လိုသဘောတူညီချက်တွေကို ဘယ်လိုခဲခဲယဉ်းယဉ်း ကြိုးစားရယူခဲ့ရတယ် ဆိုတာကို ပေါ်လွင်စေဖို့တော့ နှိုးဆွ အသိပေးဖို့ လိုအပ်ပါတယ်။ ဒါမှလဲ ပြည်ထောင်စုနေ့ကို သတ်မှတ်ထားရခြင်းရဲ့ အဓိပ္ပာယ်ဟာ ပိုမိုပေါ်လွင်မှာ ဖြစ်ပါတယ်။

နေ့တနေ့ သတ်မှတ်ထားလို့ ဒါတွေကို လုပ်ရမယ်လို့ မဆိုလိုချင်ပေမယ့် ဒီနေ့၊ ဒီရက်ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အလေးထားစရာ နေ့တနေ့အဖြစ်တော့ အသိအမှတ်ပြုစေချင်မိပါတယ်။ ဒါကြောင့် မမေ့နိုင်ကောင်းတဲ့ အဲဒီ သမိုင်းဖြစ်ရပ်တွေကို လေးစားစွာမှုအတူ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ခြင်း သရုပ်ကို ဆက်လက် ဖော်ဆောင်သွားခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို အမှန်တကယ် လေးစားရာ၊ ဂုဏ်ပြုရာ ကျပါလိ့မ်မယ်။

အခုတော့ ကျနော်တို့ နိုင်ငံမှာ ဘယ်နေ့ကိုပဲ ရောက်ရောက် လက်ရှိအုပ်ချုပ်သူတွေအတွက် ကြံဖန်ကြွားလုံး ထုတ်စရာနေ့ကို ရောက်နေတဲ့ အလားပါပဲ။ ဒါဟာ သမိုင်းဝင်နေ့တွေကို စော်ကားရာလဲ ကျသလို သမိုင်းဝင် ခေါင်းဆောင်တွေကိုလဲ မထီလေးစား လုပ်ရာကျပါတယ်။

***

၁၉၉၇ ခုနှစ်၊ နှစ် ၅၀ မြောက် ပြည်ထောင်စုနေ့ အခါသမယမှာတုန်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက် တခုကို တင်ပြပါရစေ…

`ပြည်ထောင်စု မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ခဲ့တာဟာ အခုဆိုရင် ရာစုနှစ်ဝက်ခန့် ဖြစ်ပါပြီ။ ဒါပေမယ့်လည်း စစ်မှန်တဲ့ တိုင်းရင်းသား ညီညွှတ်မှုကို ကျမတို့ မစွမ်းဆောင် နိုင်ခဲ့သေးတာကြောင့်မို့လို့ ဒီဟာကို ပြည်ထောင်စု အစစ်လို့ ခေါ်ရမှာ အင်မတန်မှ ခက်ခဲနေပါတယ်။ ကျမတို့ စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှု ရရှိဖို့ဆိုတာ ဘာလိုလဲ ဆိုတော့ ကျမတို့ တိုင်းရင်းသား လူမျိုးများ အားလုံးဟာ မိမိတို့ရဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ စိုးရိမ်ချက်တွေ၊ နာကျည်းချက်တွေ၊ မကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း အန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ စနစ်တခု ရှိဖို့ လိုပါတယ်။ ဒီစနစ် တခု ရှိမှသာလျှင် ကျမတို့ ကြားထဲမှာ ရှိနေတဲ့ နားလည်မှု လွဲမှားနေတာတွေ၊ မကျေနပ်တာတွေကို ကွယ်ပျောက်သွားအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်´

***

တကယ်တော့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ကောင်းစွာ နားလည်ပြီးတော့ တကယ့် ပြည်ထောင်စု အစစ်လို့ ခေါ်ဆို သတ်မှတ်နိုင်တဲ့ အခြေအနေဖြစ်လာအောင်၊ စစ်မှန်တဲ့ သွေးစည်း ညီညွှတ်မှု ရလာအောင် ဖော်ဆောင်ခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို တကယ် တန်ဖိုးထားရာ ကျတယ်လို့ မြင်မိကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကလိုစေးထူး

(ဓာတ်ပုံကို ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ရယူပါသည်။)

ဆက်လက်ဖတ်ရှုရန် ...

Happy Birthday ပြည်သူများရဲ့ တို့ဖခင်


ရေးသားပေးပို့သူ - ယမင်းအေး

သူ့အကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်တိုင်မတွေ့ခဲ့ရဘူး။ သူ့ရဲ့အသံကို အမြဲကြားနေတယ်။ ဒါပေမဲ့ ခုတော့ မတွေ့နိုင်တော့ဘူးလေ။ သူ့အပြုံးကို မြင်ဖူးတယ်။ ဆုံးမစကားကိုတော့ ကြားဖို့ အခွင့်မရှိတော့ပါဘူးလေ။ သူဟာ လူတိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် ကျွန်မတို့ ကြည်ညိုလေးစားရတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

သူ့အဘိုး ဗိုလ်လရောင်ဟာ နယ်ချဲ့ကို အံတု၊ မြန်မာ့သွေးကို ရဲရဲတောက်ပြခဲ့သူ အာဇာနည်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ဖခင်ရှေ့နေ ဦးဖာရဲ့ ဂုဏ်ရည်ဂုဏ်သွေးနှင့် မိခင် ဒေါ်စုရဲ့ ထက်မြက်တဲ့စိတ်ထားတို့ကို ပိုင်ဆိုင်ထားတာဆိုရင်လည်း မမှားပါဘူး။ ပြောရရင် အဲ မှားလို့ ရေးရရင် ရေးစရာတွေ မကုန်မခမ်းနိုင်ပါဘူး။ ကျွန်မလည်း မအားတဲ့ကြားက ကျွန်မ ကြည်ညိုလေးစားတဲ့သူရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်လွန်းလို့သာ မနည်းအားခဲ့ပြီး ရေးဖြစ်ခဲ့တာပါ။ အရင်နှစ်ကဆိုရင် နေ့ထူးနေ့မြတ်တိုင်း ကျွန်မရဲ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အချိန်နဲ့ အလုပ်တွေအားလုံးက ကွက်တိဖြစ်နေခဲ့ပါပြီ။ စာဖတ်ချိန်တောင် အိပ်ချိန်ထဲကဖဲ့ပြီး မနည်းယူထားရတဲ့အခြေအနေဖြစ်နေလို့ပါ။ အခု ကျွန်မရဲ့ လက်တစ်ဖက်က တော်တော်ကိုက်နေလို့ စာတိုတိုပဲ ရေးမိတာ တောင်းပန်ပါတယ်နော်။

ဗိုလ်ချုပ်ကို ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ဆယ်သုံးရက်နေ့ ဒီကနေ့ဟာဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ခုချိန်ထိရှိဦးမယ်ဆိုရင် ကိုးဆယ့်သုံးနှစ်တင်းတင်းပြည့်ဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ဓာတ်နဲ့ အများအကျိုးသယ်ပိုးပြီး ကိုယ်ကျိုးမဖက်တဲ့သူတစ်ဦးဖြစ်လို့ အောင်ဆန်းဇာနည်ရယ်လို့ အများက ခေါ်ဝေါ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ပြည်သူပြည်သားအပေါင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ညှိုးနွမ်းကြပါတော့တယ်။ ဒီကနေ့ဟာဖြင့် အခုရှိဦးမယ်ဆိုရင် ပြည်ထောင်စုကြီး လွတ်လပ်ရေးရအောင်

အောင်ဆန်းဇာနည် တို့မမေ့သည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဆောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
လိုက်နာရမှာ တို့တာဝန်
ကြိုးစားရမှာပင်
ခုချိန်ခါ ဗိုလ်ချုပ်ရှိ
ကိုးဆယ့်သုံးနှစ်တိ
လူသေသော်ငြား
နာမည်ကျန်ဆဲ
ဒါ တို့ဗိုလ်ချုပ်ပဲ။
တို့နိုင်ငံတွင်း
ဗိုလ်ချုပ်ကိုယ်ပွားထားရှိခဲ့လျှင်
ဘယ်လောက်ကောင်းမည်လဲ။
နိုင်ငံ့အကျိုးပြု
သားဗိုလ်ချုပ်ကို
မွေးဖွားခဲ့သော မိခင် ဖခင်
ကျွန်မ ကျေးဇူးတင်
'ဒီလို မိဘများ
တို့ပြည်တွင်းဝယ်
အများအပြား ပေါ်ပေါက်ပါစေသား။

ကျွန်မအတွက် အကြည်ညိုဆုံး၊ အလေးစားဆုံး၊ အမြတ်နိုးရဆုံး ပုဂ္ဂိုလ်မှာလည်း သူမှတစ်ပါး တခြားမရှိတော့ပါတကား။

ကဲ... မိတ်ဆွေတို မေးခွန်းလေးနှစ်ခုကို ဖြေခဲ့ပေးကြပါနော်။

၁။ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် မိန့်ခွန်းများထဲက သမိုင်းဝင်မိန့်ခွန်းတစ်ခုကို ဖြေခဲ့ပေးပါ။

၂။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဇနီး ဒေါ်ခင်ကြည်ထံ ရေးခဲ့သည့် စာထဲက စာကြောင်းလေးတစ်ကြောင်းကို ပြောပြပါ။


ဆက်လက်ဖတ်ရှုရန် ...

Tuesday, February 12, 2008

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ (၀ါ) ကလေးများနေ့



ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ
လူဖြစ်တုန်းကာလလေး နာမည်ကောင်းနှင့် သမိုင်းတင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ

“ဖေဖေါ်ဝါရီ 13ဟာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား
ဇာတိ နတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား”

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာဖြင့် ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားများ ရှိခဲ့ရင် အသက် ၉၃ နှစ် တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားတဲ့ လူငယ် နိုင်ငံရေးခေါင်းဆောင် စစ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလှပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် လွတ်လပ်ရေး ဗိသုကာလို့ မော်ကွန်းတင်ရသလဲဆိုရင် ဗိုလ်ချုပ်ဟာ သူ တက္ကသိုလ်ကျောင်းသားအရွယ်ကစလို့ မြန်မာပြည်လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ ရှေ့တန်းကနေ ပါဝင်တွန်းလှန်ခဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် အခြေခံမူ ၇ ရပ်ကို ရေးဆွဲခဲ့သလို ဆိုရန်တိုဗီလာအစည်းအဝေးမှာ သူ အကြမ်းရေးခဲ့တဲ့ မြန်မာပြည် စီးပွားရေး ပြန်လည်ထူထောင်ရေး စာတမ်းဟာလဲ ပြည်သူလူထုကြီးနဲ့တကွ အဲဒီခေတ်က ပညာရှင်များက တခဲနက် ထောက်ခံခဲ့ကြပါတယ်။ ဒီစာတမ်းကြောင့်လဲ သူဟာ အနာဂတ် မြန်မာနိုင်ငံအတွက် စီးပွားရေးအခြေခံတွေကို ချမှတ်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ နှောင်းပိုင်းလူတွေသာ မေ့မေ့ပျောက်ပျောက်နဲ့ ဆိုရန်တိုဗီလာစာတမ်းဟာ မှေးမှိန်သွားခဲ့ရတယ်လို့ ပြောလို့ ရပါတယ်။

ဒီလို လွတ်လပ်ရေးအတွက် ကြိုးပမ်းပုံဖော်ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လည်းကောင်း၊ အနာဂတ်မြန်မာပြည်အတွက် အခြေခံတွေ ချမှတ်ပေးခဲ့တဲ့အတွက်ကြောင့်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာရယ်လို့ မြန်မာပြည်သူတရပ်လုံးက တခဲနက် မော်ကွန်းတင် ကမ္ဗည်းထိုးခဲ့ကြပါတယ်။ ၄င်း မော်ကွန်းဟာလဲ မြန်မာပြည်ရယ်လို့ ကမ္ဘာ့မြေပုံမှာ ရှိနေသရွေ့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးအကြိုခေတ်က ပေါ်ထွန်းခဲ့တဲ့ နိုင်ငံ့သားကောင်း အာဇာနည်များထဲက တယောက်ဆို တယောက် တခေတ် ထွန်းတောက်ခဲ့သူပါ။

ဒီလို လွတ်လပ်ရေးဗိသုကာကြီးကို ကျနော်တို့ အနာဂတ်ရဲ့ ကလောင်ပိုင်ရှင်များကလဲ မေ့မေ့ပျောက်ပျောက်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့

ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရပို့စ်လေးတင်လိုက်ပါတယ်။

အမှတ်တရ ဗိုလ်ချုပ်၊ ကျမသိတဲ့ ဗိုလ်ချုပ်၊ ကျမလေးစားအားကျခဲ့ရတဲ့ My Most Admire Person ဗိုလ်ချုပ်က
- တပည့်ရဲဘော်တွေကို သွန်သင်သလို ကိုယ်တိုင်လည်းလိုက်နာသော ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်
- လွတ်လပ်သော လူရိုင်းဘ၀ကို မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် အဆတစ်ရာ ကြိုက်သည်၊ နှစ်သက်သည် ဆိုသော ဗိုလ်ချုပ်
- နိုင်ငံရေး သိပ္ပံအကြောင်း၊ တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးရေး အကြောင်းနှင့် ပညာပေးစာအုပ်များကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးသားကာ စာရေးဆရာ ဖြစ်ချင်သောဗိုလ်ချုပ်
- တပ်မတော်သားရဲဘော်များအား တာဝန်ဝတ္တရားအရ စစ်သူကြီးလေသံဖြင့်ပြောတတ်သော်လည်း မြို့ခံလူကြီးများနှင့် စကားပြောသည့်အခါ ရည်မွန်ယဉ်ကျေးစွာစကားပြောတတ်၍ သားသမီးများအပေါ်၌ မိဘမေတ္တာ အပြည့်ထားရှိသူ နှလုံးသားရှိသော ဗိုလ်ချုပ်
- တွေ့ကြုံဆုံခဲ့ရသော နိုင်ငံခြားသားခေါင်းဆောင်များကပင် ဗိုလ်ချုပ်အား အလွန်ထူးချွန်ထက်မြက်သော လေးစားမိသည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သမိုင်းတစ်ခေတ်မှာ ပေါ်ထွက်ခဲသော ခေါင်းဆောင် ဗိုလ်ချုပ်

ဤသို့သော ဗိုလ်ချုပ်ကို ကျမ မလေးစားမမြတ်နိုးပဲ မနေနိုင်အောင် မည်သည့်အမိုက်မှောင်ကမျှ ကျမ၏ အသိတရားကို မည်သို့ ဖုံးလွှမ်းနိုင်ပေအံ့နည်း။


ဆက်လက်ဖတ်ရှုရန် ...

Sunday, February 10, 2008

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်များ စုစည်းမှု

ကိုမျိုးမြင့်အောင်ဆိုတဲ့ မျိုးချစ်မြန်မာဘလော့ဂါ တစ်ဦးက သူ့ရဲ့ ဘလော့ဂ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေ တင်ပေးထားပါတယ်.

ဒီနေရာမှာ သွားရောက်ပြီး ဒေါင်းလုပ်ရယူနိုင်ပါကြောင်း အသိပေးမျှဝေလိုက်ပါတယ်.

ခုလိုမျိုး စုစည်းပေးထားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုမျိုးမြင့်အောင်ရေ…

ဆက်လက်ဖတ်ရှုရန် ...

သတိပြုသင့်သော ဖေဖော်ဝါရီရက်စွဲများ...

အားလုံးပဲ မင်္ဂလာပါ…

ဖေဖော်ဝါရီလထဲမှာ ထူးခြားတဲ့ နေ့ရက် နှစ်ခု ရှိပါတယ်.

တစ်ခုကတော့ ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ပါ.

နောက်တစ်ခုကတော့ ဖေဖော်ဝါရီ (၁၃) ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ (၀ါ) ကလေးများနေ့ပဲ ဖြစ်ပါတယ်.

အဲဒီ့နေ့ရက်လေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သက်ဆိုင်ရာ ဘလော့ဂ်များမှာ တင်ပြနိုင်ဖို့ မျိုးချစ်ဘလော့ဂါ ကိုမင်းမင်းက ဗိုလ်ချုပ်အောင်ဆန်းပုံကို ဒီလိုလေး လုပ်ထားပေးပါတယ်. ကုဒ်ဒင်းလေးတွေကို ရယူပြီး မိမိတို့ရဲ့ ဘလော့ဂ်လေးတွေမှာ ကိုယ်စီကိုယ်ငှဖော်ပြပေးထားခြင်းအားဖြင့် မေ့လျော့အောင် အလုပ်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျာ…

ကိုမင်းမင်းရေ…

ခပ်တိုတိုပဲ ပြောမယ်…

ကျေးဇူးဗျာ… ရှေ့ဆက်ပြီး ခြေလှမ်းသစ်တွေ လှမ်းနိုင်ပါစေ…



ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ



ဤနေရာမှ ရယူပါ
**************


ကုဒ်ဒင်းကို ဒီမှာ ရယူပါ.


<div style="text-align: center;"><span style="font-weight: bold;"><span style="color: rgb(204, 0, 0);">ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ</span></span>
</div><span class="caption">
</span><div style="text-align: center;"><span class = caption><div style="text-align: center;"><img style="border: 0px solid rgb(221, 221, 221); padding: 0px;" src="http://www.fileden.com/files/2007/5/4/1045960/Bogyoke-Bday.png"/></div></span class></div>
<span class="caption">
</span><div style="text-align: center;"><span class = caption><span style="font-size:85%;"> <a href="http://hteinkmin.myanmarbloggers.org/search/label/%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%B9%E1%80%BB%E1%80%84%E1%80%AC">ဤနေရာမှ</a> ရယူပါ</span>
<div style="text-align: center;">**************</div></span class></div>

ဆက်လက်ဖတ်ရှုရန် ...